မြန်မာတို့ ဆုံဆည်းရာ
"မြန်မာတို့ ဆုံဆည်းရာ ဖိုရမ်"သို့ လာရောက်လည်ပတ်ပေးခြင်းကို ၀မ်းမြောက်မိပါသည်။


မြန်မာတို့ အားလုံးဆုံဆည်းနိုင်ဖို့ ဒီဖိုရမ်လေးကို ပြုလုပ်ထားရခြင်းဖြစ်ပါတယ်..
HomeSearchRegisterLog in
ကျွန်တော်တို့ ဒီဆိုက် http://mmfp.findtalk.biz ကို ၀င်ရောက်သော Guest အား နွေးထွေးစွာနဲ့ ကြိုဆိုပါတယ်ဗျာ.....

Share | 
 

 .............ချစ်ခြင်းတရားနှင့်မိန်းမသား................

View previous topic View next topic Go down 
AuthorMessage
lonelyspirit


လေ့လာစလူငယ်(level 2)

လေ့လာစလူငယ်(level 2)


ကျား/မ : Female
ရေးသားချက် : 3
ဖိုရမ်ရမှတ် : 2349
ရေးသားချက်သဘောကျ ခံရမှု : 0
မှတ်ပုံတင်သောနေ့ : 2010-07-18
အသက် : 24
နေထိုင်ရာနေရာ : ကမ္ဘာမြေကြီးရဲ့တစ်နေရာရာမှာပေါ့............

PostSubject: .............ချစ်ခြင်းတရားနှင့်မိန်းမသား................   Sun Jul 18, 2010 1:33 pm

မိန်းမတစ်ယောက်ရဲ့ ဘ၀မှာ ရိုးသားဖြူစင်မှုရှိတယ် မရှိဘူး …..သိက္ခာရှိတယ် မရှိဘူး …….ဆိုတာ သူထားခဲ့တဲ့ချစ်သူ ဘယ်နှစ်ယောက် ရှိလည်းဆိုတာကိုကြည့်ပြီး ဝေဖန်ခွဲခြား တတ်ကြတဲ့ ပတ်ဝန်းကျင်ရဲ့အမြင်မှာ ကျွန်မတို့လို ချစ်သူတစ်ယောက်မက ရှိခဲ့ဘူးတဲ့ မိန်းမတွေ အတွက် သူများ တံတွေးခွက်ပက်လက်မျောရတဲ့ အဖြစ်ပါပဲ။ ပတ်ဝန်းကျင်ဆိုတာ လူတစ်ယောက်အပေါ် သူတို့အမြင်နဲ့ ခန်းမှန်းခြေတွေ ပေါင်းထည့်ပြီး လက်ရှိ အခြေအနေထက်ပိုတဲ့ အတိုင်းအတာကို ပြောတတ်တာပါ၊ အဲဒါကို ရာခိုင်နှုန်း တော်တော်များများသော လူတွေက မချင့်ချိန်ပဲ ယုံကြည်တတ်ပါတယ်။ လူတစ်ယောက်အတွက် ပတ်ဝန်းကျင်ဟာ အရေးမကြီးဘူး ဆိုတာ မဟုတ်ပါဘူး သူ့အတိုင်းအတာနဲ့သူတော့ အရေးကြီးတာပါပဲ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်တဲ့ ဒဏ်ကို ခံစားပြီး ရှင်သန် နေထိုင်ရလောက်တဲ့အထိတော့ အရေးမပါနိုင်သေးပါဘူး၊ ဒါဆို ဘာကြောင့်များ လူတွေဟာ ပတ်ဝန်းကျင်က ပြောတဲ့စကားတွေကို မှန်ကန်မှု ရှိမရှိဆိုတာ သေသေချာချာ စဉ်းစားချင့်ချိန်မှု မရှိပဲ ယုံကြည်ကြပါသလဲ။ အမှန်မှာကတော့ ချစ်သူ တစ်ခုလပ်ဖြစ်ဖို့ ရည်ရွယ်ပြီး ဘယ်မိန်းမကမှ ချစ်သူကို အပျော် မချစ်ကြပါဘူး။ တစ်ခုလပ်ဖြစ်ချင်လို့ ယောက်ျားယူတဲ့ မိန်းမလည်းမရှိပါဘူး။ လက်ထပ်ဖို့ရာထိ ရည်ရွယ်ပြီးချစ်ကြတာ၊ သေတစ်ပန် သက်တစ်ဆုံး ပေါင်းသင်းဖို့ရာ ရည်ရွယ်ပြီး လက်ထပ်ကြတာပါ။ဝဋ်ကြွေးကံပါလာခြင်း ဒါမှမဟုတ် အမျိုးမျိုးသောအကြောင်းကြောင်းတွေကြောင့်သာ ချစ်သူများသူ၊ တစ်လင်ကွာ တစ်ခုလပ်အဖြစ် ရောက်ရှိသွားကြတာပါ။ ချစ်သူကို နှစ်ယောက်နှင့်အထက် ထားရှိဖူးတဲ့ မိန်းမတစ်ယောက်ကို ဒီမိန်းမ ပွေတယ်ရှုပ်တယ်ဆိုတဲ့ အမြင်နဲ့ သတ်မှတ်ကြတာဟာ တရားမျှတမှု မရှိတာပါ။ ကျွန်မ ဘ၀မှာလည်း ချစ်သူလို့ ကောက်ချက်ချလို့ရတဲ့သူ တစ်ဦးတစ်ယောက်မက ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ရဲ့ အမြင်နဲ့ သတ်မှတ်ချက်အရ ပြောရမယ်ဆိုရင် ကျွန်မလည်း ပွေရှုပ်သူတစ်ဦး ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျွန်မချစ်သူတွေနဲ့ ပတ်သက်ခဲ့လို့ ကျွန်မထားခဲ့တဲ့ စိတ်သဘောထားနဲ့ ကျွန်မပြုမှုခဲ့သမျှ ကျွန်မလိပ်ပြာ ကျွန်မလုံခဲ့ပါတယ်။

ကျွန်မရဲ့ ပထမဦးဆုံးချစ်သူကို ကျွန်မ ၁၅နှစ် ကိုးတန်းကျောင်းသူဘ၀မှာ ရရှိလိုက်ပါတယ် အထူးတစ်လည် ရရှိခဲ့တာ မဟုတ်ပါဘူး အောင်ကို နဲ့ကျွန်မက ၅တန်းနှစ်ကတည်းက အတန်းတူအခန်းတူ တက်ခဲ့သူတွေပါ။ ရှစ်တန်းအောင်စာရင်းတွေ ထွက်တဲ့ရက်မှာပဲ အောင်ကိုက ကျွန်မကို ချစ်ရေးဆိုခဲ့တာပါ၊ ကျွန်မကလည်း ချစ်တာနဲ့ သံယောဇဉ် ဆိုတာကို မကွဲပြားသေးတဲ့ မနူးမနပ်အရွယ်ဆိုတော့ အောင်ကို့အပေါ်ရှိတဲ့ သူငယ်ချင်း သံယောဇဉ်ကို အချစ်လို့သာ ထင်မှတ်မှားပြီး အဖြေပေးရင်း ချစ်သူတွေ ဖြစ်သွားတာပါ။ ချစ်သူဖြစ်သွားတယ် ဆိုပေမဲ့ ချစ်လိုက်ကျတာ မိုးမမြင်လေမမြင် ဆိုတာမျိုးလည်းမရှိ ချစ်သူတွေ ဆိုတဲ့အတိုင်း နှစ်ယောက်တည်း လည်ပတ်သွားလာတာ မျိုးလည်းမရှိ ချစ်သူသဘာဝမျိုး စိတ်ကောက် စိတ်ဆိုး ပြန်ချော့ဆိုတာမျိုးလည်းမရှိ ပကတိ အဖြူထည်သက်သက်ပါပဲ။ အောင်ကိုက ကျွန်မကိုတွေ့ချင်ရင် ကျွန်မအိမ်မှာ လာရောက်တွေ့ခဲ့သလို ကျွန်မကလည်း မေးစရာ ပြောဆိုစရာရှိလျှင် ကျောင်းခန်းထဲမှာသာ ပြောဆိုမေးမြန်းဖြစ်တာကြောင့် လူသူ မျက်လုံးတွေရှေ့မှာသာ ကျွန်မတို့ နှစ်ယောက်ရှိနေခဲ့တာက တစ်ကြောင်းကြောင့်အပြင် ကျွန်မစိတ်ထဲမှာက ၁၀တန်းကို ဂုဏ်ထူးဘယ်နှစ်ခု ထွက်ရမယ်ဆိုတာလောက်သာ ရှိတာကြောင့် အောင်ကိုနဲ့ကျွန်မက ချစ်သူတွေထက် သူငယ်ချင်းနဲ့သာ ပိုလို့တူနေတာပါ။

နောက်တော့လည်း မိန်းကလေး သူငယ်ချင်းတွေထက် ယောက်ျားလေး သူငယ်ချင်းတွေနဲ့သာ အပေါင်းသင်း အဖြစ်များတဲ့ ကျွန်မကို
“မိမာန် နင် ကိုထွေးတို့နဲ့ အရောမ၀င်နဲ့ သူက နင့်အပေါ် ရိုးသားတာ မဟုတ်ဘူး”

“မိမာန် နင်ကလည်း တွေ့သမျှ လူတစ်ကာကို လိုက်ရယ်မပြနဲ့လေ နင်ရယ်ရင် ဘယ်လောက်လှလည်း နင်မသိဘူးလား” စတဲ့ ကန့်သတ်ချက်တွေနဲ့ ချုပ်ခြယ်ပြီး

“မိမာန် နင့်ကိုငါ ဒီလောက် ပြောထားရက်နဲ့ နင်ကလူတိုင်းနဲ့ ဖြစ်နေတယ်ပေါ့လေ”

ကျွန်မ ရင်ကိုအေးစက်စေတဲ့ မဟုတ်မမှန် ယိုးစွတ်မှုတွေနဲ့ အထင်လွဲခဲ့တာကြောင့် ကျွန်မ ၁၀တန်းစာမေးပွဲ ဖြေခါနီး ၂လလောက်အလိုမှာ ပြတ်တောက်ခဲ့ရာက စာမေးပွဲတွေ ဖြေအပြီး ကျောင်းတွေ ပိတ်လိုက်ချိန်မှာတော့ လုံးဝကို အဆက်အသွယ် မရှိတော့တာ ယနေ့ ထက်ထိတိုင်အောင်ပါပဲ။ ကျွန်မရင်ထဲမှာတော့ ချစ်သူက ပစ်သွားလို့ ခံစားရမယ့် အသည်းကွဲ ဝေဒနာအစား သူငယ်ချင်း တစ်ယောက်ကို လက်လွှတ်ဆုံးရှုံး လိုက်ရလို့ ဖြစ်လာတဲ့ နှမြောတစ်သသ ဖြစ်မှုကသာ ပိုနေတာပါ။

အဲဒီနောက်တော့ ၂နှစ်လောက် ဘ၀ကို တစ်ယောက်တည်းဖြတ်သန်းပြီး ကျွန်မတက္ကသိုလ် ဒုတိယနှစ်မှာ ကျွန်မဘ၀တစ်ခုလုံးမှာ အမှတ်တရအဖြစ်ဆုံးနဲ့ အနာကြင်ရဆုံးဖြစ်စေတဲ့ ချစ်သူနဲ့ဆုံခဲ့ပါတယ်။ ကျွန်မထက် အသက်သုံးနှစ်ကြီးတဲ့ ကိုကိုးဟာ ကျွန်မကို ချစ်သူတစ်ယောက်အဖြစ်နဲ့တင်မက ညီမလေးတစ်ယောက် အဖြစ်၊ သူငယ်ချင်း တစ်ယောက်အဖြစ်၊ နောက်ဆုံး သူလက်ထပ်ယူမည့် သူ့မိန်းမအဖြစ်နဲ့ပါ သဘောထားပြီး ချစ်ခဲ့၊ အလိုလိုက်ခဲ့တာပါ။ ပညာရေးနဲ့ ပတ်သက်ပြီး သူတတ်သိသမျှ ကျွန်မကို မျှဝေပေးသလို ကျွန်မ တတ်သိသမျှ ကျွန်မဆီကနေ သူသင်ယူခဲ့ပါတယ်။ လူမှုရေးနဲ့ ပတ်သက်လို့ ပေါင်းသင်းဆက်ဆံရေး ပညာကိုလည်း ဆရာစားမချန် အပြည့်အ၀ ပို့ချပေးခဲ့ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ရင်လည်း တစ်ခါတစ်ရံ အမြတ်အစွန်းရဖို့ရာထက် ရေရှည်လက်တွဲ လုပ်ကိုင်ဖို့အရေး ဆိုတဲ့ အမြင်တွေကို လက်တွေ့လုပ်ကိုင် ပြခဲ့ပါတယ်။ ကုသခြင်းထက် ကာကွယ်ခြင်းက ပိုပြီးထိရောက်တယ်ဆိုတဲ့ ကျန်းမာရေး အတွက်လည်း ကျွန်မအပေါ်မှာ ဂရုတစ်စိုက်နဲ့ တင်းမာသင့်တဲ့နေရာ တင်းမာ အလိုလိုက်သင့်တဲ့နေရာ အလိုလိုက်ပြီး ချစ်ခဲ့တာပါ။ ကိုကိုးနဲ့ကျွန်မဟာ ပတ်ဝန်းကျင် အမြင်မှာ အလွန်လိုက်ဖက်ပြီး တစ်နေ့နေ့မှာ လက်တွဲကြမယ့် ချစ်သူတွေလို့ အားကျခံခဲ့ရသူတွေ ဖြစ်ခဲ့တယ်။ ကျွန်မကိုယ်တိုင်လည်း ကိုကိုးကို ကျွန်မလက်ထပ်မည့်သူ လို့သာ သတ်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့ ကံကြမ္မာက ၀င်ရောက်စွက်ဖက်တာကို ခံလိုက်ရတဲ့ ချစ်သူတွေ လိုပါပဲ မျှော်လင့်မထားတဲ့ အဖြစ်အပျက် တစ်ခုကြောင့် ကိုကိုးက ကျွန်မကို ထားခဲ့ပြီး ကျွန်မ မဟုတ်တဲ့ မိန်းမတစ်ယောက်ကို လက်ထပ်လိုက်ပါတယ်။

“မာန်လေး ကိုကိုးဘာမှမသိဘူး ကိုကိုးသဘောထား လုံးဝမပါဘူး ကိုကိုးကို အချိန်နည်းနည်းပေးပါနော်”

ဆိုတဲ့စကားနဲ့ နာကြင်ကြေကွဲစွာ ကျွန်မရှေ့မှာ ဒူးထောက်တောင်းပန်နေတဲ့ ကိုကိုးမျက်နှာကို သေသေချာချာ မကြည့်ရက်လောက်အောင် ကျွန်မ ဘာဆက်လုပ်ရမည်မှန်းမသိ ဖြစ်ခဲ့ပါတော့တယ်။ ကိုကိုးဆန္ဒ မပါဝင်ဘူးဆိုတာကို ယုံကြည်ပေးနိုင်ပေမဲ့ လူသိရှင်ကြား အများပြည်သူဖတ် သတင်းစာမှာ တစ်မျက်နှာစာအပြည့် နေရာယူပြီး အတိအလင်း ကြေငြာလိုက်တဲ့ ကိုကိုးရဲ့ ထိမ်းမြားလက်ထပ် ပြီးစီးကြောင်း သတင်းကြောင့် ကိုကိုးရဲ့ ဘ၀ထဲကို တတိယလူဆိုတဲ့ အနေအထားနဲ့ တိုးဝင်ဖို့ရာ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာလည်းသိနေခဲ့တဲ့နောက်တော့ ကျွန်မသာလျှင် နောက်ဆုပ်ပေးလို့ အားလုံးနဲ့ဝေးရာကို ထွက်ပြေးခဲ့ပါတော့တယ်။ မေးငေါ့ပြောဆိုတတ်တဲ့ ကျွန်မရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲမှာ ရှက်ရွံ့နာကြင် ခဲ့ရပေမဲ့ အမြဲတစ်စေ ကျွန်မဘက်က ရပ်တည်ပြီး နားလည်ပေးတတ်တဲ့ ကျွန်မရဲ့မိဘနှစ်ဦးအတွက်နဲ့ ကျွန်မဘ၀ကို ပတ်ဝန်းကျင် အသစ်မှာ ပြန်လည် ထုဆစ်နိုင်ခဲ့ပါတယ်။

ပတ်ဝန်းကျင်အသစ်မှာ ကျွန်မကိုသဘောကျလို့ ၀ဲနေတဲ့ရွှေစွန်ညိုတွေ ရှိနေပေမယ့် ခဲမှန်ဖူးတဲ့ စာသူငယ်လို ကျွန်မစိတ်တွေ ထိတ်လန့်နေဆဲ ဆိုတာကိုတော့ ကျွန်မသာလျှင် အသိဆုံးဖြစ်ခဲ့ပါတယ်။ တံခါးပိတ်ထားတဲ့ ကျွန်မဘ၀ထဲကို ကျွန်မမိဘတွေရဲ့ အကူအညီနဲ့ အတင်းဝင်ရောက်လာသူကတော့ ကျွန်မမိဘတွေနဲ့ စီးပွားရေးမှာ အကျိုးတူပူးပေါင်း လုပ်ကိုင်နေတဲ့ နယ်မြို့လေးတစ်မြို့က စီးပွားရေးလုပ်ငန်းရှင် တစ်ဦးရဲ့ တစ်ဦးတည်းသောသား တစ်ဦးပါ။ ကျွန်မကို မြင်မြင်ခြင်းချစ်မိသွားတဲ့အတွက် သူ့မိဘတွေကတစ်ဆင့် ကျွန်မ မိဘတွေဆီကို တောင်းရမ်း စေ့စပ်ခဲ့တာပါ။ ကျွန်မရဲ့မိဘတွေကလည်း လုပ်ငန်းခွင်မှာမြင်တွေနေတဲ့ သူ့ရဲ့ အရည်အချင်းတွေကြောင့်ရော စီးပွားရေး အကျိုးတူပူးပေါင်း လုပ်ဆောင်နေတာကြောင့်ရော့ ကြည်ဖြူစွာ သဘောတူလက်ခံခဲ့ပါတယ်။ကျွန်မထက် အသက်ခုနှစ်နှစ်လောက် ကြီးပေမဲ့ တစ်ဦးတည်းသောသား ဖြစ်နေတာကြောင့် အရာရာမှာ အလိုလိုက်ခံထားရတဲ့ သူတစ်ဦးပီပီ အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်စွာ မိန်းကလေးဖြစ်တဲ့ ကျွန်မအပေါ်မှာတောင် အနိုင်ယူတတ်သူ တစ်ဦးဖြစ်နေတာကိုတော့ မိန်းမသဘာဝ အလျှော့ပေးတတ်တဲ့ အမှုအကျင့်အရ အလျှော့ပေးရင်း မသိကျိုးကျွန်နေလိုက်ပါတယ်။ စီးပွားရေး ဆက်ဆံမှုမှာ အလွန်ကျွမ်းကျင်ပေမဲ့ လူမှုရေးဆက်ဆံမှုမှာတော့ တစ်ကယ့်ကိုသုညဖြစ်နေတဲ့ ကိုကျော်သက်ထွန်းကို ကျွန်မ မချစ်ခဲ့တဲ့အပြင် သံယောဇဉ် အနည်းအကျဉ်းတောင်မှ မဖြစ်မိပါဘူး။ မိဘတွေရဲ့တိုက်တွန်းမှု တစ်ခုကြောင့်ရယ် မိဘရွေးပေးသူဟာ မကောင်းရင်တောင်မှ မညံ့လောက်ဘူးဆိုတဲ့ အသိရယ်ကြောင့် ကျွန်မလက်ခံခဲ့တာပါ။

လူကြီးစုံရာရှေ့မှာ တောင်းရမ်းစေ့စပ်ပြီးခါမှာ တစ်ချိန်က ကိုကိုးနဲ့ကျွန်မရဲ့ ဇတ်လမ်းကို ပတ်ဝန်းကျင်ကနေ နားစွန်နားဖျား ကြားသိလိုက်ပြီး

“လူသိရှင်ကြား ယူဖို့ထိ မင်းခန့်ဟိန်းနဲ့ တွဲခဲ့တယ်ဆိုတော့ ဟေမာန်က ဖြူဖြူစင်စင်ရော ရှိသေးရဲ့လား”

ကိုကိုးရဲ့ အကျင့်သီလနဲ့ ကျွန်မရဲ့ ကိုယ်ကျင့်သိကာကို စော်ကားတဲ့ စကားနဲ့ ရိသဲ့သဲ့ လုပ်လာလေတော့ ပြန်လည်ဖြေရှင်းချင်စိတ် မရှိတော့အောင်ပဲ စိတ်ပျက်စွာနဲ့ “ ရှင်ကြိုက်သလိုဆုံးဖြတ်လို့ ရပါတယ် ” ဆိုတဲ့စကား တစ်ခွန်းတည်းသာ ပြန်ပြောဖြစ်တော့တယ်။ ငယ်ရွယ်သူတစ်ဦးဖြစ်လို့ ကိုယ့်စိတ်ဒေါသကို ကိုယ်မထိန်းချုပ်နိုင်သေးတဲ့ ကျွန်မ “ကိုယ်မဟုတ်တဲ့ လူတစ်ယောက်ကို လက်ထပ်ဖို့ထိတွဲခဲ့တဲ့ မိန်းမတစ်ယောက်ကို ယူရလောက်အောင် ကိုယ်နွားမကျသေးဘူး” လို့ဆိုလာတဲ့ သူ့ရဲ့စကားအတွက်၊ မြောက်တက်သွားပြီး သူ့ပါးပေါ်ကို အရှိန်ပြင်းပြင်း ကျသွားတဲ့ ကျွန်မရဲ့လက်တစ်ဖက်ကြောင့် ရလာတဲ့ ရလာဒ်ကတော့ နောက်တစ်နေ့ သတင်းစာကနေ ကြေငြာလိုက်တဲ့ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းကြောင်း သတင်းပါပဲ။ မိဘတွေ မျက်နှာပျက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်မိတာကလွဲလို့ ကျွန်မ မနှမျောမိပါဘူး ဒီလိုစိတ်သဘောထား မပြည့်ဝတဲ့သူတစ်ယောက်နဲ့ လက်မတွဲဖြစ်လိုက်တာကိုပဲ အရှုံးထဲကအမြတ်လို့ တွေးမိပါသေးတယ်။ ဒါပေမဲ့ ပိုပိုသာသာပြောတတ်တဲ့ ပတ်ဝန်းကျင်အတွက် ချစ်သူသုံးယောက်နဲ့ ပြတ်ဆဲပြီးတဲ့ ကျွန်မအဖြစ်အပျက်ဟာ ရေနွေးကြမ်းနဲ့မြည်းစရာ အဖြစ်အပျက်တစ်ခု ဖြစ်လာပါတယ်။

ကျွန်မစိတ်ပျက်လက်ပျက်နဲ့ နိုင်ငံခြားတိုင်းပြည်တစ်ပြည်မှာ ဘွဲ့လွန်ဆက်တက်ဖို့ရာ မိဘနဲ့ခွဲပြီး သွားရောက် နေထိုင်ခဲ့ပါတယ် နိုင်ငံခြားတိုင်းပြည် ဆိုရာမှာလည်း မြန်မာနိုင်ငံက သွားရောက် ပညာသင်သူတွေ အလုပ်အကိုင်လုပ် နေထိုင်သူတွေ ရာခိုင်နှုန်းတော်တော် များများရှိတာမို့ ကျွန်မ နေထိုင်ရတာ အခက်အခဲ မရှိခဲ့ပါဘူး။ ကျောင်းတစ်ဖက်တက်ရင်းနဲ့ အလုပ်တစ်ဖက်လုပ်ပြီး ကြိုးစားနေထိုင်ခဲ့တာကြောင့်လည်း ပါမှာပါ။ အဲဒီမှာပဲ ကျွန်မရဲ့ ဘ၀မှာ ကျွန်မကို စိတ်ထိခိုက်ကြေကွဲစွာ ထားရစ်ခဲ့မည့် ချစ်သူကိုတွေ့ရှိခဲ့တာပါ။ ဒုတိယ ပညာသင်နှစ် ပထမ နှစ်ဝက်မှာတော့ အချိန်ပိုင်း ကျူရှင်ဆရာမအလုပ်ကို ရရှိခဲ့ပါတယ်။ ကျွန်မ သင်ပေးရတဲ့ ကလေးမလေးက ၁၂ အရွယ် ချစ်စရာသွက်သွက်လက်လက်လေးပါ၊ ကလေးမလေးရဲ့ အစ်ကိုလတ်ဖြစ်တဲ့ ကိုနိုင်မင်းလတ် တစ်ယောက်ဟာ ကျွန်မက မောင်လို့ခေါ်တဲ့ ကျွန်မရဲ့ စတုတ္ထချစ်သူ ဖြစ်လာပါတော့တယ်။ ကျွန်မနဲ့ ရွယ်တူဖြစ်တဲ့ မောင်က ကျွန်မကို သူလက်ထပ်ယူမည့် သူ့ချစ်သူဟု သူ့မိဘတွေနဲ့ အတိအလင်း မိတ်ဆက်ပေးကာ ကျွန်မရဲ့ တရားဝင် ကိုယ်ရံတော် အဖြစ် ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်း စောင့်ရှောက် ခဲ့ပါတယ်။ မောင့် မိဘတွေကလည်း ကျွန်မရဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တဲ့ စိတ်ဓါတ်ကို ကြိုက်နှစ်သက်လို့ မောင်နဲ့ ကြည်ဖြူစွာ သဘောတူခဲ့ပါတယ်။ မောင့်မေမေက ကျွန်မကို ကျွန်မ တစ်ယောက်တည်း ငှားရမ်းနေထိုင်မှုမှ သက်သာစေရန် အခန်းအပိုရှိနေတဲ့ သူတို့အိမ်ကို ပြောင်းရွှေ့နေထိုင် ဖို့ရာခေါ်ဆိုတာကိုတော့ ကျွန်မကျောင်းနဲ့ မောင့်တို့အိမ် သွားရတဲ့ခရီး ဝေးလွန်းတာကို အကြောင်းပြလို့ ကျွန်မအလိမ္မာသုံးပြီး ငြင်းခဲ့ပါတယ်။ မောင်နဲ့ ချစ်သူဖြစ်ခဲ့ရတဲ့ အချိန်တွေဟာ ကျွန်မဘ၀မှာ လုံခြုံစိတ်ချစွာနဲ့ ကျေနပ်ကြည်နူးစရာ အကောင်းဆုံး အချိန်တွေပါပဲ၊ ကျွန်မ ကျောင်းပြီးလို့ ဘွဲ့ရပြီဆိုတာနှင့် တစ်ပြိုင်တည်း မောင်ရောကျွန်မပါ မွေးရပ်မြေသို့ ပြန်ကာ ကျွန်မမိဘများထံ တောင်းရမ်း လက်ထပ်ယူရန် သစ္စာပြုထား ကြပြီးသားပါ၊ ဒါပေမဲ့ ကံကြမ္မာက ကျွန်မတို့ပျော်ရွှင်နေတာကို မနာလိုဖြစ်နေတယ်လို့ ကျွန်မ ထင်မိတယ်၊ ကျွန်မကျောင်းပြီးလို့ ပြန်ခါနီး ရှေ့တစ်ပတ်အလိုမှာ မောင်ရောကျွန်မပါ နှစ်ဦးစလုံး ကားမတော်တစ်ဆမှုနဲ့ ဆေးရုံကို ရောက်ခဲ့ပါတယ် ပွန်းပဲ့ရုံသာ ဒဏ်ရာရခဲ့တာဖြစ်ပေမဲ့ နောက်ဆက်တွဲ သတင်းက မောင်နဲ့ကျွန်မကို အဝေးဆုံး တစ်နေရာဆီ တွန်းပို့လိုက်သလို ဖြစ်သွားပါတယ်။

“သွားပါတော့ မာန်ရယ် မာန်မောင့်ကို ဘာတွေ ဘယ်လိုပြောပြော မောင်လက်မခံဘူး”

“ မာန်ဘယ်တော့မှ မောင်ကို ထားမသွားဘူးဆိုတာ မောင်သိတယ် ဒါပေမဲ့ မောင်ဘယ်သူ့ကိုမှ ရင်မဆိုင်ချင်ဘူး မာန့် အချစ်ကို အထင်သေးလို့ မာန့်ကို ထွက်သွားခိုင်းတာလည်း မဟုတ်ဘူး မောင့်အခြေအနေကို မောင်ကိုယ်တိုင် အသေးစိတ်

သိနေရက်နဲ့ မာန့်ကိုဘယ်လိုမှ မောင့်နားမှာ ခေါ်ထားဖို့ကို မဖြစ်နိုင်ပါဘူး သွားပါတော့မာန်ရယ်”

လေပြေနဲ့ ကျွန်မကိုထွက်သွားဖို့ရာ တောင်းဆိုနေပေမဲ့ ကျွန်မကလည်း ခေါင်းမာလွန်းစွာ မောင်းအနားမှာ နေခွင့် ဖြည့်ဆီးပေးခွင့်ကိုသာ တတွတ်တွတ် တောင်းပန် နေတော့တာပါပဲ။ ဒါပေမဲ့ ကျွန်မဘယ်လောက် တောင်းပန်နေပါစေ မောင်က ကျွန်မကိုသာလျှင် ဝေးရာကို ထွက်သွားခိုင်းနေတော့တာပါ။ တာဝန်ဖြင့် နယ်ခြားမြို့တစ်မြို့ကို ခရီးသွားရင်း နေမကောင်း ဖြစ်ခဲ့ချိန်မှာ မြန်မြန်ပျောက်ကင်းရန် တစ်ကြိမ်တစ်ခါ အလွယ်တစ်ကူ ဆေးထိုးမိခဲ့တဲ့အတွက် ရလာတဲ့ HIV positive ဆိုတဲ့ အခြေအနေကို ပညာတတ်မောင်နဲ့ မောင့်မိသားစုတစ်တွေ ဘယ်လိုနည်းနှင့်မှ လက်ခံနိုင်တဲ့ အနေအထားမှာမရှိခဲ့ပါဘူး။ ကျွန်မ တစ်ယောက်တည်းကသာ ဒီရောဂါဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးပေါင်းစပ် ကုသနိုင်ခဲ့ရင် သာမန်လူတွေကဲ့သို့ နေထိုင်နိုင်ကြောင်း လက်ခံနိုင်တာပါ။ ကျွန်မကို ဘယ်လိုမှ ထွက်သွားခိုင်းလို့မရတဲ့ နောက်ဆုံးမှာ မောင်နဲ့ မောင့်မိသားစုအားလုံး ကျွန်မကိုအသိမပေးပဲ ပြောင်းရွှေ့သွားခဲ့တာ၊ ကျွန်မ နည်းမျိုးစုံဖြင့် စုံစမ်းရှာဖွေ သော်လည်း မတွေ့ခဲ့ပါဘူး။ ကျွန်မ စိတ်ထိခိုက် ကြေကွဲစွာနဲ့ မိဘတွေဆီကိုသာ ပြန်လာခဲ့ရပါတယ်။ နောက်ထပ် တစ်နှစ်ခွဲလောက် အကြာမှာတော့ မောင့်မေမေ ကျွန်မထံကို လာရောက် တွေ့ဆုံခဲ့ပြီး မောင်တစ်ယောက် လွန်ခဲ့တဲ့ တစ်ပတ်က ဆုံးသွားပြီ ဖြစ်ကြောင်း ပြောပါတယ် ကျွန်မကို လာရောက်တွေ့ဆုံရခြင်း အကြောင်းအရင်းကလည်း မောင်မဆုံးခင် မောင့်ရဲ့နောက်ဆုံးဆန္ဒကို ကျွန်မကို လာရောက်ပြောပြတာပါ၊ ကျွန်မကို ချစ်ခင်မြတ်နိုးစွာ သေတစ်ပန် သက်တစ်ဆုံး ပေါင်းသင်းနိုင်မည့်သူရှိက လက်ထပ်ပြီး ပျော်ရွှင်စရာ မိသားစုဘ၀နဲ့ ကျွန်မ ပျော်ရွှင်နေတာကို မောင်တစ်ယောက် တစ်မလွန်ကနေ စောင့်ကြည့်နေချင်တယ် ဆိုတဲ့ဆန္ဒလေးပါပဲ၊ ကျွန်မ ရင်ထဲမှာ မဖြေနိုင်အောင် ကြေကွဲခဲ့ရပါတယ်။

ကျွန်မကို သတ္တိမရှိဘူးလို့ ပြောချင်ပြော ပျော့ညံ့တယ်လို့ ဆိုချင်ဆို မောင်ဆုံးသွားပြီဆိုတာ သိခဲ့ရပြီးတဲ့ နောက်ပိုင်း ကျွန်မ ယောက်ျားတွေနဲ့ ပတ်သက်မှုဆိုတာမပြောနဲ့ ရိုးရိုးသားသား ခင်မင်မှုဆိုတာကိုတောင် ဝေးဝေးကရှောင်ခဲ့ပါတယ်။ ရိုးရိုးဒဏ်ရာကိုတောင် ပျောက်ကင်းအောင် ကုသဖို့ အချိန်ဆိုတာ လိုအပ်ပါတယ် နှလုံးသားမှာရတဲ့ ဒဏ်ရာ ပျောက်ကင်းဖို့ အတွက်ဆိုအချိန်က အကန့်အသတ်မရှိ လိုအပ်မယ်ထင်ရတာပါပဲ။ တောင်ပေါ်ဒေသရဲ့ နယ်မြို့တစ်မြို့မှာ ကျောင်းအုပ်ဆရာမလုပ်နေတဲ့ မေမေ့ညီမအငယ်ဆုံးရဲ့ကျောင်းမှာ အလယ်တန်းပြ တစ်နေရာ လစ်လပ်နေတုန်း ယာယီလျောက်ထားပြီး ကျွန်မ ၀င်လုပ်ခဲ့ပါတယ်။ ကျွန်မရဲ့ စိတ်က အလုပ်ထဲမှာသာ မြုပ်နှံထားတာကြောင့်ပဲလား ဒါမှမဟုတ် ကျွန်မကိုယ်တိုင်ရဲ့ တာဝန်ယူနိုင်လွန်းတဲ့ အမူအကျင့်ကြောင့်ပဲလား မသိပါဘူး နှစ်နှစ်ဆိုတဲ့ အချိန်တိုတိုအတွင်းပဲ သင်္ချာဆရာမ “ဒေါ်ဟေမာန်ဦး” ဆိုတဲ့ ကောင်းသတင်း မွှေးပျံ့ခဲ့ရပါတယ်။ ကျွန်မကို လူသိများလာတာနဲ့အတူ ကျွန်မအကြောင်းကို ဒေါ်လေးဆီမှာ စပ်စုတဲ့သူတွေ များလာတယ် ချွေးမတော်ချင်တဲ့ သူတွေများလာသလို မသိမသာရော သိသိသာသာပါ တီးခေါက်လာတဲ့ သူတွေများပြားလာခဲ့ပါတယ်။ အိမ်ထောင်ပြုသင့်သည့်အရွယ် ကျွန်မအတွက် ကျွန်မ နေထိုင်ရာ မြို့ပေါ်ကသာမက အနီးအနားမြို့ကြီးတွေကပင် ကျွန်မ တပည့်တွေရဲ့ မိသားစုဝင်တွေကမှ တစ်ဆင့် ဖြစ်စေ ဒါမှမဟုတ် ကျွန်မ ဒေါ်လေးကမှတစ်ဆင့် ဖြစ်စေ ကျွန်မကို တောင်းရမ်းပြောဆိုစေ့စပ် လာတဲ့သူတွေ များပြားလာခဲ့ပါတယ်။ မည်မျှပင် တောင်းရမ်းပြောဆိုသူတွေ များပြားလာပါစေ မတုန်မလှုပ် နေနိုင်လွန်းသော ကျွန်မအား အားမလိုအားမရ ဖြစ်လာသော ဒေါ်လေးက ကျွန်မမသိစေရန် ကျွန်မ မိဘများထံ ဖုန်းဆက်ကာ အကြောင်းကြား တိုင်ပင်ပါတော့တယ်။ အစတည်းက မောင့်ကိစ္စကြောင့် ဒီတစ်သက် ကျွန်မ အိမ်တောင်မပြုတော့မှာ ကြောက်နေတဲ့ မေမေရောဖေဖေပါ ကျွန်မရှိရာ မြို့လေးသို့ လိုက်လာကာ ကျွန်မကိုပြောဆို တောင်းရမ်းသူတွေထဲမှ ဒေါ်လေးပြောပြသမျှ မဆိုးဘူးသတ်မှတ်တဲ့ သူများကို လေ့လာပါတယ်။ ဇွတ်လုပ်တတ်တဲ့ မေမေ့ စိတ်ဓါတ်ကိုသိနေတဲ့ ကျွန်မ မေမေတို့ပြုသမျှကို ကောင်းသည် ဆိုးသည် ပြန်ပြောခြင်းမပြုပဲ ကျွန်မနေတတ်သလိုသာ နေထိုင်နေတာပါ။ နောက်ဆုံးတော့ ကျွန်မတစ်ယောက် မေမေ့ရဲ့မျက်ရည်နဲ့ ဖေဖေရဲ့တောင်းပန်အသနားခံတာကို မလွန်ဆန်နိုင်စွာပဲ မေမေတို့ စိတ်ကြိုက်ရွေးခြယ် ထားတဲ့ မောင်နှမနှစ်ဦးတည်းသာ ရှိတော့ကာ အသက်သုံးဆယ့်ကိုးနှစ်အရွယ်နဲ့ အရာရှိဖြစ်နေတဲ့ ဦးတင်ထွန်းအောင် လို့ခေါ်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို လက်ခံခဲ့ရပါတယ်။ ကျွန်မထက် အသက်၁၀နှစ်ကြီးတဲ့ အစ်ကိုကြီးနဲ့ ကျွန်မတို့နှစ်ယောက် နှစ်ဘက်ဆွေမျိုး အသိုင်းအ၀ိုင်းရဲ့ မင်္ဂလာဆုတောင်းတွေနဲ့အတူ မြို့နယ်မင်္ဂလာခန်းမမှာ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား မင်္ဂလာဆောင်ဖြစ်ခဲ့ကြပါတယ်။ နိုင်ငံရပ်ခြားမှာရောက်နေတဲ့ အစ်ကိုကြီးရဲ့ ညီမလေးလည်း မင်္ဂလာပွဲကို အရောက်လာတက်ခဲ့ပါတယ်။ ဧည့်ခံပွဲပြုလုပ်တဲ့ မင်္ဂလာဦးညမှာ တော်တော်နောက်ကျမှ အရက်တွေမူးကာ ပြန်ရောက်လာတဲ့ အစ်ကိုကြီးရဲ့ ဒေါသမျက်နှာဟာ ကျွန်မဘ၀မှာ ဘယ်တော့မှ မေ့ဖျောက်လို့ရနိုင်မှာ မဟုတ်ပါဘူး။

“ မင်းကွာ လုပ်ရက်တယ် တော်တော်ရက်စက်တာပဲ မင်းဒီလောက်ထိ ယုတ်မာလိမ့်မယ်လို့ ငါဘယ်လိုမှ ထင်မထားဘူး ”

“မင်းနဲ့ နိုင်မင်းလတ် ကိစ္စကို မင်းမပြောပဲထားရင် ဘယ်သူမှမသိဘူးလို့ မင်းထင်နေတာလား နိုင်မင်းလတ်ရဲ့ မရီးက ငါ့ရဲ့ညီမလေးဖြစ်နေတာလေ”

“တော်သေးတယ်ကွာ မင်းနဲ့ငါ ဘာမှမဖြစ်သေးဘူး မဟုတ်ရင် ငါလည်း ရောဂါကူးတော့မှာ မင်းကိုအဲဒါပြောချင်လို့ ပြန်လာတာ”

ကျွန်မကို သိက္ခာချအထင်သေးတဲ့ စကားတွေနဲ့ မောင့်ကိုယ်ကျင့်သီလကို ထိပါးစော်ကားစေတဲ့ စကားတွေကို ပြောပြီးတာနှင့် တစ်ပြိုင်တည်း အိမ်ပေါ်မှ ထွက်သွားတော့တယ်။ မင်္ဂလာဦးည တစ်ညလုံးမျက်ရည်တွေနဲ့ တစ်ယောက်တည်း ဖြတ်ကျော်ခဲ့ရပြီး နောက်မှာတော့ ကျွန်မကိုယ်ကျွန်မ ကံကိုက ဒီလိုပါလာတာကြောင့် ဆိုပြီး တရားချ ဖြေသိမ့်နိုင်ခဲ့ပါတယ်။

“ကျွန်တော် ဘယ်တော့မှ ဟေမာန့်အပေါ် အိမ်ထောင်ရေး ဖောက်ပြန်မှုမပြုပါဘူး၊ ဘယ်တော့မှလည်း ဟေမာန့်အပေါ် ကိုယ်ထိလက်ရောက် မကျူးလွန်ပါဘူး၊ ဘယ်လိုအကြောင်းကြောင့်မှ ဟေမာန့်ကို ကျွန်တော်လက်တွဲမဖြုတ်ပါဘူး၊ ဒါဦးနဲ့ ဒေါ်ဒေါ်တို့ကို ကျွန်တော်ပေးနိုင်တဲ့ သစ္စာတွေပါ၊ အဲဒီသစ္စာစကားတွေနဲ့ပဲ ဟေမာန့်ကို ကျွန်တော်တင်တောင်းပါတယ် ဦးတို့ကျွန်တော့်ကို စိတ်ချပါ”

ဆိုတဲ့ သစ္စာစကားတွေနဲ့ တင်တောင်းခြင်းခံရတဲ့ ကျွန်မအတွက် နောက်တစ်နေ့ ညနေမှာတော့ လက်မှတ်ထိုးပြီးသား ကွာရှင်းပြတ်စဲခြင်း စာချုပ်ကို လူလွှတ်ပြီး အပို့ခိုင်း ခံခဲ့ရပါတယ်။ ကျွန်မဆီက ဘာဖြေရှင်းချက်ကိုမှ မတောင်းခံခဲ့ပါပဲ စွတ်စွဲချက်တွေနဲ့ လျှောက်လဲချက်တောင် ပေးခွင့်မရှိ တစ်ဖက်သတ်အမိန့်ကို ချမှတ်ခံရကြောင်းပြောနေတဲ့ ကွာရှင်းစာချုပ်ကို ကျွန်မ အပြုံးမပျက် လက်မှတ်ထိုးပေးလိုက်ပြီးနောက် ကျွန်မတွေးမိနေတာ ကျွန်မရဲ့ ကံကြမ္မာကိုပါ … မင်္ဂလာဦးညမှာတင် အပျိုစင်ဘ၀နဲ့ တစ်ခုလပ်တစ်ယောက် ဖြစ်ခဲ့ရတဲ့ ကျွန်မအကြောင်းကို ကျွန်မတွေးရင်းနဲ့ ဟက်ဟက်ပက်ပက် ရယ်မိတာ မျက်ရည်များတောင် ကျတဲ့အဖြစ်ပါ။

ကျွန်မဘ၀အတွက် ကျွန်မရဲ့ ချစ်သူတွေအားလုံး (လက်ထပ်ဖို့ထိ ရည်ရွယ်ခဲ့တာကြောင့် ချစ်သူလို့ သုံးနှုန်းတာပါ) အပေါ် အပျော်သဘောသက်သက်နဲ့ ထားခဲ့တာမဟုတ်ပါဘူး အားလုံးပေါ် လက်ထပ်ဖို့ရာ ရည်ရွယ်ခဲ့တာပါ။ အချစ်အကြောင်း နားမလည်ခင် ချစ်သူဖြစ်ခဲ့ရတဲ့ အောင်ကို့အပေါ်မှာတောင် ချစ်သူဖြစ်စ အချိန်တွေမှာ နောင်တစ်ချိန်မှာ လက်ထပ်မယ်လို့ သတ်မှတ်ထားတာပါ ။အပျော်ဆိုတဲ့ သဘော တစ်စုံတစ်ရာ မပါဝင်ခဲ့ပါဘူး။ မချစ်ခဲ့သော်လည်း မိဘသဘောကျ စေ့စပ်ဖို့ရာကို သဘောတူခဲ့တဲ့ ကိုကျော်သက်ထွန်း ပေါ်မှာလည်း ပြီးပြီးရောဆိုတဲ့ သဘောထားမပါခဲ့ပါဘူး။ ဦးတင်ထွန်းအောင်ကို လက်ထပ်ယူခဲ့ရာမှာလည်း မိဘအလိုကျ ဖြစ်ရပေမဲ့ သေတစ်ပန်သက်တစ်ဆုံး ပေါင်းသင်းဖို့ရာ ရည်ရွယ်ပြီးမှသာ လက်ထပ်ခဲ့တာပါ။

ကျွန်မ ချစ်သူတစ်ခုလပ်၊ လင်ယောက်ျားတစ်ခုလပ် မဖြစ်ချင်ခဲ့ပါဘူး ကျွန်မအပေါ်ထားတဲ့ ယောက်ျားတွေရဲ့ သဘောထားကိုက မမှန်ခဲ့တာလား၊ ဒါမှမဟုတ် သူတို့ကပဲ ကျွန်မကို တန်ဖိုးမထားတတ်ခဲ့ကြတာလား၊ ဘာ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတဲ့ အမှားအမှန်ကို ဝေဖန်ပြီး အမှားပြင်ဆင်နိုင်ဖို့ရာ ကျွန်မဘာများ မှားခဲ့သလည်း ဆိုတာ ကျွန်မ မတွေးတတ်တော့ပါဘူး။ ကျွန်မရဲ့ ကံကြမ္မာကိုက ဒီလိုဖြစ်လာဖို့ရာ ပါခဲ့တယ်နဲ့ တူပါတယ် ချစ်သူတစ်ခုလပ်တင်မက လင်ယောက်ျားတစ်ခုလပ်ပါ ဖြစ်ခဲ့ရပါတယ်။ ကျွန်မအပါအ၀င် ဘယ်မိန်းမကမှ ချစ်သူများတဲ့သူ ဒါမှမဟုတ် တစ်ခုလပ် အဖြစ်ကှို မဖြစ်တည်ချင်ပါဘူး ဒါကို ပတ်ဝန်းကျင်က မသိခဲ့တာလား မသိချင်ယောင်ဆောင်နေခဲ့တာလား။ အမှန်ဆို မိန်းမသားခြင်း ကိုယ်ခြင်းစာနာစိတ်၊ သားသမီးခြင်းစာနာစိတ် ထားနိုင်ခဲ့မယ်ဆိုရင် ကိုယ်သေသေချာချာမသိခဲ့တဲ့ အကြောင်းအရာ တစ်ခုအပေါ် မဝေဖန်မပြောဆိုသင့်တာ အမှန်ပါပဲ။ သေသေချာချာမသိခဲ့တဲ့ အကြောင်းအရာတစ်ခု အပေါ်ကို အထင်တွေ ပေါင်းထည့်ကာ ဝေဖန်ပြောဆိုပြီးချိန်မှ ထင်မြင်ချက်တွေက တစ်ခုမှအမှန်မဟုတ်ခဲ့တဲ့အတွက် တစ်ဖက်သား နစ်နာခဲ့မယ်ဆိုရင်လည်း ကိုယ်အမှားပြုလုပ်ခဲ့လို့ တစ်ဖက်သားမှာ နစ်နာခဲ့ရပါတယ်လို့ ၀န်ချတောင်းပန်ပြီး ကိုယ့်အမှားကိုယ်ဝန်ခံမည့် ပတ်ဝန်းကျင်မရှိခဲ့တာလည်း သေချာနေတာပါတယ်။ စာရေးဆရာ နီကိုရဲရဲ့ “မွေးစားသမီး” ၀တ္တုမှာလည်း မိန်းမတစ်ယောက် ချစ်သူရည်းစား တစ်ဦးမက ရှိရခြင်းမှာ အဲဒီမိန်းကလေးရဲ့ အိနြေ္ဒသိက္ခာ ရှိခြင်းမရှိခြင်းနဲ့လည်း မသက်ဆိုင်ဘူးဆိုတာ ဖေါ်ညွှန်းထားတာပါပဲ။ ပတ်ဝန်းကျင် ယိုးစွတ်မှုကို ခံခဲ့ရတဲ့ ကျွန်မအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ကျွန်မတစ်ယောက် အိနြေ္ဒသိက္ခာ မကင်းမဲ့ခဲ့ဘူးဆိုတာ ကျွန်မသာလျှင်အသိဆုံး ဖြစ်ခဲ့တာကြောင့် ကျွန်မလိပ်ပြာ ကျွန်မလုံခဲ့ပါတယ်။ ဘ၀ဆိုတာ ဘယ်တော့မှ တစ်သတ်မှတ်တည်း မရှိခဲ့ဘူးဆိုတာ နားလည်ခဲ့တဲ့နောက်မှာတော့ ပတ်ဝန်းကျင်ကို ပတ်ဝန်းကျင်လို့သာ သဘောထားတတ်နိုင်ခဲ့စွာ ခုတော့လည်း ကျွန်မတစ်ယောက်တည်း ကျေနပ်နေတတ်စွာ ဘ၀ကို ဖြတ်သန်းနေထိုင်သွားနိုင်ပြီလေ။ ။
Back to top Go down
Admin


အုပ်ချူပ်ရေးမှူး

အုပ်ချူပ်ရေးမှူး


ကျား/မ : Male
ရေးသားချက် : 69
ဖိုရမ်ရမှတ် : 2519
ရေးသားချက်သဘောကျ ခံရမှု : 5
မှတ်ပုံတင်သောနေ့ : 2010-07-04
အသက် : 25
နေထိုင်ရာနေရာ : လားရှိုး

PostSubject: Re: .............ချစ်ခြင်းတရားနှင့်မိန်းမသား................   Sun Jul 18, 2010 7:04 pm

အာ ကောင်းတယ်ဗျာ မဂ္ဂဇင်းတိုက်တွေကို မပို့ဘူးလား အားပေးနေပါတယ်ဗျာ ကိုယ်တိုင်ရေးတွေကို ပိုသဘောကျတယ်ဗျ...
Back to top Go down
http://mmfp.findtalk.biz
 

.............ချစ်ခြင်းတရားနှင့်မိန်းမသား................

View previous topic View next topic Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
မြန်မာတို့ ဆုံဆည်းရာ :: ရင်ထဲက စာပေများ :: ၀တ္ထု ကဏ္ဍ :: ကိုယ်တိုင်ရေးဝတ္ထုများ-
Private forum on Forumotion | Society and Culture | Teens | © phpBB | Free forum support | Contact | Report an abuse | Create a forum on Forumotion